သက်ပျောက်မှတ်တိုင်

** သက်ပျောက်မှတ်တိုင် ***
==========================
မှောင်ရီ ဝိုးတဝါး အလင်းပျောက်ကွယ်နေတဲ့အချိန်----------
လေလေးတချွန်ချွန်နှင့် ဆိုင်ကယ်ကို ဖြေးညင်းစွာ အေးအေးလူလူမောင်းရင်း ထွန်းစိန်ရွာ ဘက်မှ ပြန်လာသော ကိုဘဦး တစ်ယောက် ကျောင်းကုန်း ရွာနား အရောက် ဆီပြတ်သွား၍ ဆီရောင်းတဲ့ တဲလေးဆီ ကို ဆိုင်ကယ်ကို တွန်းရင်း တဲရှင်ကို နှိုးကာ ဆီပြန်ဖြည့် ဖို့ စိုင်းပြင်းနေပါတယ် တဲရှင်ရဲ့ အအိပ်ဆတ်ပုံက မိနစ် လက်တံရှည် အကွက်ကြီး သုံးကွက် အကြာမျှ အော်ခေါ်ပြီး ချိန်တွင် တော့ အလူးအလဲ ထလာပြီး
"ဘယ်သူလည်းဟ မိုးချုပ်မှာ တဲရှေ့ လာအော်နေတာ"
"မျိုးလွင်ရေ ငါပါဟ ဘဦးပါ "
"ဟာကွာ မင်းကလည်း ဒီလောက်မိုးချုပ်နေပြီ ဘာဒုက္ခပေး မလို့လည်း"
"အားနာပါတယ်ကွာ ငါ့ဆိုင်ကယ် ဆီပြတ်သွားလို့ပါဟ ကူညီပါကွာနော်"
"ပြီးရောပြီးရော ဘယ်နှစ်ဗူး ထည့်မှာလည်း"
"၂ဗူးလောက်ပေးကွာ တော်ကြာ ဆီထပ်ပြတ်နေမှာဆိုးလို့"
"အေးအေး" သို့နှင့် ကိုဘဦးတစ်ယောက်ဆီဖိုးရှင်းပြီး သကာလ အိမ်အပြန်ခရီး အပြီးနှင်ဖို့ ဆိုက်ကယ် လေးကို နှိုးရင်း ဆက်လက်ထွက်ခွာ လာခဲ့ပါတော့တယ် တဖြည်းဖြည်းခရီးဆက်ရင်း ထွန်စက် မောင်းခ ထယ်ထိုးခတွေ သွားတောင်းခဲ့တဲ့ ငွေ အရေအတွက်ကို ပြန်စဉ်းစားလာခဲ့ပါတယ် အဲလိုနဲ့ပဲ တနေရာအရောက်မှာ တော့ သူ့ဆိုင်ကယ် ရှေ့ကနေ ဖြတ်ခနဲ အရိပ်တခု ပြေးသွားတာမြင်လိုက်ပြီး ဆိုင်ကယ် ကို ကျွီ ခနဲ နေအောင် ဘရိတ်ကို ဖမ်းလိုက်တော့ ဆိုင်ကယ်က ရှေ့ကို တိုက်ပါသွားပြီး ရှေ့က လမ်းနယ် သတ်မှတ်ထားသော အုတ်တိုင်ကို ဝင်တိုက်ပြီး လဲကျသွားပါတော့တယ်
"အားးးးကျွတ် ကျွတ် ကျွတ် နာလိုက်တာ ခင်ဗျား ဘယ်လို လုပ်လိုက်တာလည်း ဗျ ရှေ့မကြည့် နောက်မကြည့် လမ်း ဖြတ်ကူးရလား တိုက်မိရင် သေသွားလိမ့်မယ် သိလား"
"ဟီးးးးဟီးးးးးးဟီးးးး အစောကတည်းက သေပြီးသားပဲဟာ"
နာကျင်မှု့ကို အာရုံစိုက်ကာ မော့မကြည့်ပဲ ပြောလိုက်သော ကိုဘဦး တစ်ယောက် ဟိုဘက်က ပြန်ပြောသော အသံကို ကြားရလို့ မော့အကြည့်
"အောင်မလေးဗျာ သရဲ သရဲ " လို့အော်ပြီး နာကျင်မှု့ကို ဂရုမစိုက်နိုင်တော့ပဲ ဆိုင်ကယ်ကို ကောက်ထူပြီးအံကြိတ် တွန်းကာ ပြေးပါတော့တယ် အတော်လှမ်းတော့မှ သတိရပြီး စက်တက်နှိုးကာ တရှိန်ထိုး မောင်းပြေးပါတော့တယ်-------
******************
"ဆရာရေ မုဒိတာမှာ ခရမ်းချဉ်သီးသေတ္တာ နဲ့ ဟင်းရွက်ထုပ်တွေ တင်ရဦးမယ် "
"မရင်ရွှေ ဟာတွေလား တွတ်ပီ"
"ဟုတ်တယ်ဆရာ ဒါပေမယ့် ဒီနေ့ နှစ်ထုပ်လျော့မယ် ဆရာ"
"အေးအေး ပြီးရော " ဆရာတပည့်နှစ်ယောက် ပစ္စည်းစာရင်း အမေး အဖြေ လုပ်ရင်း မောင်းလာကြတာ ရွာနား သို့ရောက် လာပါတော့တယ် သူတို့ဆရာတပည့်က ဒိုင်နာ အပြာလေးနဲ့ ကုန်စိမ်းတွေတင်ပြီး သီရိမင်္ဂလာဈေး ကို အပို့အကြို လုပ်ပေးတဲ့ ဖယ်ရီ ပုံစံ ကားကိုမောင်းရင်း အသက်မွေးဝမ်းကျောင်းပြုနေရသူတွေပါ ဒီနေ့လည်း မနက် ၂ နာရီထိုး ကတည်းက ထွက်လာပြီး ကြိုလာခဲ့တာ မုဒိတာရွာနားကို ရောက်လာပြီး ကုန်စိမ်းတွေ ကောက်ကာ ဆက်လက်မောင်းနှင်လာတာ တနေရာ ရောက်တော့
"ကျွီ အီ အီ ဒုန်းးးးးးး " "အမလေး ကိုတိုးမောင် ဘာ ဘာ ဖြစ်တာလည်း နာလိုက်တာ ခေါင်းပေါက်သွားပြီထင်တယ်"
ကိုတိုးမောင် လည်း ကားပေါ်မှ ဆင်းကာ နောက်ထဲသို့ သွားကြည့် တော့ သိပ်ပုံပျက်မသွား တာကို တွေ့လိုက် ရတော့မှ ရင်ထဲအလုံးကျသွားပါတော့တယ် ဒါပေမယ့် မရင်ရွှေကတော့ အမိုးကိုင်းနဲ့ ထိပြီး ခေါင်းနဲနဲ ပေါက်သွားလို့ အနည်းငယ် ပြုစုလိုက်တော့မှ သက်သာ သွားပါတော့တယ် မရင်ရွှေက-------
"ကိုတိုးမောင် ရှင် ဘယ်လိုဖြစ်တာတုန်း အရင်က မဖြစ်ဖူးပါဘူး "
"ပြီးမှပြောမယ် ဗျာ" ဆိုကာ ကားကို နောက်ပြန်ဆုတ်ပြီး မောင်းထွက်လာတာ အတော်လေးရောက်တော့မှ ကားကို ရပ်ပြီး ရှေ့ပိုင်း ကိုစစ်ကြည့်လို့ အခြေအနေကောင်းတယ်ဆို မှ မရင်ရွှေကို "ဒီလိုဗျ ကျုပ်မောင်းလာရင်း အဲဒီ နားရောက်တော့ မိန်းမ တစ်ယောက် ကလေး လေးကို ပိုက်ြီပီး ရှေ့က ဖြတ်ပြေး တာ ကျုပ် ရိပ်ခနဲမြင်လိုက်တော့ ဘရိတ် အုပ်ချလိုက်တာ အခုလိုဖြစ်သွားတာပေါ့ဗျာ အရင် က မဖြစ်ဖူးဘူးဗျ ဒီနေ့ကျမှ---- ဟေ့ကောင်တွတ်ပီ "
"ဗျာ ဆရာ" "မင်းဒီနေ့ ကား မှာ ဘာလုပ်ထားသေးလည်း" "ဟို ဟို ညက ကျွန်တော်သောက်ပြီး ကားပေါ်မှာ ပဲ အိပ်လိုက်တာ အပေါ့သွားမိတယ် ထင်တယ်ဆရာ "
"တောက် ဟာကွာ မင်းကတော့ ငါလုပ်လိုက်ရင် နာတော့မယ် အဲဒါကြောင့် ကားစထွက်ကတည်းက စိတ်လေးနေလို့ ဖြေးဖြေးပဲ မောင်းလာတာ တော်သေးတာပေါ့ကွာ မင်းနောက်ဆို ဆင်ခြင်ကွာ"
"ဟုတ် ဟုတ်ကဲ့ပါ ဆရာ"
****************
အဲဒီအဖြစ်အပျက်တွေ မဖြစ်ခင် ၆လ လောက်က------------
"မြို့ပြင်မှာ ကားမှောက်ပြန်ပြီတဲ့ဟ သားအမိနှစ်ယောက် ဆုံးသွားတယ်တဲ့ "
"ဘယ်နားလည်း ဖက်ကလိရိုးမှာပဲလား"
"အဲဒီမှာပဲပေါ့ကွာ ဘယ်နေရာရှိဦးမလည်း "
"အဲဒီနေရာက အတော်ဆိုးတဲ့ နေရာပဲလေ သတိထား သွား နေရတာပေါ့"
"အေးဟယ်အဲဒီ သားအမိကတော့ သနားစရာလေးပါဟယ်
ကျန်တဲ့သူတွေကရော ဘာဖြစ်သွားသေးလည်း "
"ပွန်းပဲ့ရုံလောက်ပဲတဲ့ ကားမှောက်တော့ ကလေးကိုထိမှာ ဆိုးလို့ ကာကွယ် ရင်း ကားကသူတို့အပေါ်ပိ သွားတော့ နှစ်ယောက်လုံးပွဲချင်းပြီးသေတာတဲ့ "
"ဟယ် စိတ်မကောင်းလိုက်တာ "
ရွာကနေ မြို့ပေါ်ဆေးရုံမှာ ကလေးလာမီးဖွားရင်း ဆေးရုံက ဆင်းလို့ ရွာပြန်တဲ့အချိန် မြို့ပြင်မှာ ကားစလစ်ဖြစ်ပြီး မှောက်သွားကာ သေဆုံးသွားရှာတဲ့ သားအမိရဲ့ အဖြစ်ဆိုး ကိုကြားရတဲ့သူတိုင်း စုတ်တသပ်သပ်ဖြစ်ကာ သနားနေကြ ပါတော့တယ် သူတို့ ဖြစ်တဲ့ နေရာကလည်း အဲဒီမြို့ ရဲ့ နာမည်ကြီး ဖက်ကလိရိုး ဆိုတဲ့နေရာ အဲဒီနေရာ ရဲ့ မလှမ်းမကမ်းမှာ သားသတ်ရုံ တစ်ရုံကလည်းရှိနေပါတယ် လူတိုင်းသတိထားဖြတ်နေရ တဲ့ နေရာ အဲဒီ သားအမိကလည်း အစိမ်းသေဖြစ်ကာ ကံနိမ်နေတဲ့သူလို့ ဆိုရမလား အဲဒီလို လူတွေဆို မြင်တွေ့ ရတတ်ပြီး တခုခုဖြစ်နေကျနေရာ တခုဖြစ်နေပါတယ်
*****************

"ယောက်ဖရေ မောင်းရတာ ဘဟ်လိုနေလည်း"
"ဂွတ်တယ်ကွာ ကြိုက်တယ် အင်ဂျင်ကြောက တင်းနေတာပဲ" "အိုကေ မင်းကြိုက်ရင်ပြီးတာပဲ"
"အဲဒါကြောင့် မင်းကို အားကိုး ပြီး လာတာပေါ့ကွ "
"အေးပါကွာ အဲဒါဆိုလည်း ဒိုးကြမယ်လေ"
"နေပါဦးကွာ ဝယ်လို့လည်းပြီးပြီ ဆိုတော့ တစ်ခွက် နှစ်ခွက် လောက် ကစ်ကြမယ်လေ "
"အေးးပြီးရော ကွာ နည်းနည်းပဲ နော် ပြန်ရမှာ အဝေးကြီး ဒါမှမဟုတ် ငါတို့ မြို့ ပြန်ရောက်မှ သောက်ပါလားကွာ"
"ဟာာမင်းကလည်းဘာကြောက်နေတာလည်း သောက်နေကြကို အရင်ကဘာဖြစ်ဘူးလို့လည်း"
"ငါ့စိတ်ထဲ တမျိုးဖြစ်----"
"ဟေ့ကောင် ငဖုန်း မင်းကွာ တော်တော်လျှာရှည်တယ် ငါလာတုန်းက ktv တခုတွေ့ထားတယ် အခုအဲဒီမှာ သွားသောက်မယ်လာ"
"လွင်မောင် မင်းကွာ-----"
"မင်းမလိုက်ဘူးလား လိုက်မှာလား "
"အေးအေးပါကွာ လိုက်ပါ့မယ် "
"ဒါမှပေါ့ကွ လာဒိုးမယ်"
သန်လျင်မှ ပဲခူးသို့ ဆိုင်ကယ် သွားဝယ်ချင်တယ် လို့ သူငယ်ချင်း ရဲ့ ပူဆာမှု့ကြောင့် ဆိုင်ကယ်အကြောင်း အတော်အသင့် နားလည်သော ငဖုန်း တစ်ယောက် အရမ်း ခင်သော သူငယ်ချင်း လည်းဖြစ်သောကြောင့် လိုက်လာခဲ့ခြင်းဖြစ် သည် သူ့သူငယ်ချင်းငပွေးအကြောင်းသိသောကြောင့် တားနေခြင်းဖြစ်လေသည်
**************
ညည့် အတော်နက် နေပြီး အမှောင်ထုက လောကတခွင်ကို အကာအကွယ် ပြုထားတဲ့ အချိန် မီးရောင် တခုက အရှိန် အဟုန်တခု နဲ့ တိုးထွက်လာနေပါတယ် အဲဒီမီးရောင် က တည့်တည့် လာနေခြင်းမဟုတ်ပဲ ဟိုသည်ယမ်းခါပြီး လာနေခြင်းဖြစ်နေပါတော့တယ်
"ဟေ့ကောင် လွင်မောင် ဖြေးဖြေးမောင်းပါဟ မင်းမမောင်း နိုင်ရင် ငါမောင်းမယ်"
"ဟေ့ကောင် ငဖုန်း မင်းက ငါ့ကို အချဉ်ထင်တာလား ''
"ညဥ့်နက်နေလို့ပြောတာကွ အရမ်းမှောင်နေပြီ အဲဒါကြောင့် ဟိုရောက်မှ သောက်ပါဆိုတာကို "
"အခုလည်းဘာဖြစ်လို့လည်းကွာ မင်းတော်တော် ဂျီပူတဲ့ ကောင်ကွာ " သူငယ်ချင်းနှစ်ယောက် အပြစ်တင်လာကြရင်းနဲ့
တနေရာ အရောက်မှာတော့ တိတိကျကျ ပြောရရင် ဖက်ကလိရိုး အရောက်မှာတော့ "လွင်မောင် ရှေ့မှာ ရှေ့မှာ ဟာာာ"
"ကျွီ ဝုန်းးးးးးးးးးးး အားးးးးးးး"
ဆိုင်ကယ်က မိုင်တိုင် ကျောက်တိုင်ကို ဝင်ဆောင့်ပြီး ဂျွမ်း နှစ်ပတ်မျှ လိမ့်ကာ လမ်းဘေး ချောက် ထဲသို့ပြုတ်ကျသွား ပါတော့တယ် ထိုသို့ ဖြစ်ပြီး အတော်လေးကြာတော့မှ လွင်မောင်လည်း သတိပြန်ရလာ ပါတော့တယ်
"အားးးးး ကျွတ် ကျွတ် ကျွတ် နာလိုက်တာ" ငြီးငြူရင်း ခေါင်း ကိုစမ်းကြည့်တော့ သွေး ပြစ်ပြစ် တွေကို လက်နဲ့ ပွတ်မိ ပါတော့တယ် ဂျိုစောင်းနေရာကို သွားထိမိတော့ စပ်ဖျင်းဖျင်း ခံစားမှု့ ရရှိလိုက် ပါတော့တယ် ပြီးတော့မှ သတိရပြီး ကြည့်တော့ ငဖုန်း ငဖုန်း မင်းဘယ်မှာ လည်း ဟေ့ကောင် ငဖုန်း
ဘေးဘီဝဲယာ လိုက်ကြည့် ပြီး ထမည်ပြင်တော့ ခြေထောက် ဆီမှ ဆိုးဆိုးရွားရွား နာကျင်လာမှ ခြေထောက် ကျိုးသွား မှန်းသိလိုက်ပါတော့တယ် ခေါင်းနဲနဲထောင်ကြည့်တော့ တွေ့ပါပြီ ငဖုန်းတစ်ယောက် ဆိုင်ကယ် အောက်မှာ ခါးတစ်ပိုင်းပိနေပြီး ဇက်ကျိုးကာ ငြိမ်နေတာကိုတွေ့တော့ ကိုယ်ကို ဒရွတ်တိုက် ဆွဲပြီးသွားရင်း ငဖုန်း ငဖုန်း ဆိုပြီး လှုပ်နှိုးပေမယ့် လုံးဝ အသံမထွက်တော့ပဲ အသက်မရှိကြောင်း သိရတော့ လွင်မောင်တစ်ယောက် သူငယ်ချင်းအတွက် ယူကြုံးမရဖြစ်ကာ အော်ဟစ်ငိုကြွေး ရင်း သတိလစ်မေ့မြောသွားပါတော့တယ်-----------။

အလုပ်မအားတဲ့ကြားက ဝါသနာကြောင့် အချိန်လုပြီး ရေးရတာမို့ ဖတ်လို့မကောင်းပါက တောင်းပန်လျက်ပါ စာဖတ်သူများ ခင်ဗျာ
ကျေးဇူးတင်စွာဖြင့်
ကိုကြီးကျော်
(သုံးခွသား)

Comments

Popular posts from this blog

သရဲခြောက်တဲ့မြို့စွန်ကအိမ်ကြီး