နှစ်ချို့သရဲကြီး

နှစ်ချို့ သရဲကြီး
-------------------

      ပစ္စည်းတွေကို နေရာချနေတုန်း အိမ်ရှေ့မှာ
ဆော့နေတဲ့ သမီးလေး အော်ငိုလိုက်တာကြောင့်
ကျွန်တော်တို့ လင်မယား ပြေးထွက်လာကြတယ်။
သမီးခေါင်းမှာ သွေးတွေထွက်နေပါလား။
မှောက်ရက်လဲပြီး ကျောက်တုံးနဲ့ရိုက်မိပုံပဲ။
ကျောက်တုံးကြီးမှာ သွေးစတွေပေနေတယ်။
သမီးကို ကုတင်ပေါ် ပွေ့ချီလာခဲ့တယ်။
 ဘာမှဝင်လုပ်မပေးဘဲ ထိုင်ငိုနေတဲ့ 
မိန်းမဖြစ်သူကြောင့် ဒေါသကထွက်လာ
ပါရဲ့။ စိတ်ကိုထိန်းကာ ထွက်နေတဲ့သွေးတွေကို
တိတ်အောင်လုပ်ပေးပြီး အရက်ပြန်နဲ့ ဒဏ်ရာကို
ဆေးကြောလိုက်တယ်။  ချုပ်ဖို့ထိ မလိုလောက်
တာကြောင့် တော်သေးတာပေါ့။ ဘီတာဒိုင်း အရည်ကို
 စိမ့်ဝင်အောင်လိမ်းပေးတော့ သမီးလေးခမျာ
အော်ငိုရှာတယ်။ ဒဏ်ရာကို ပလာစတာ
ကပ်ပေးပြီးမှပဲ မိန်းမဖြစ်သူ ငိုနေတာကိုရပ်ပြီး
သမီးကို လာချော့တော့တယ်။

" သမီးကို တိုက်ဖို့ အကိုက်အခဲပျောက်ဆေးရှိလား "

" မရှိဘူးလေ"

" တောက် ဘာမှကိုထောင့်မစေ့ဘူး"

        မိန်းမဖြစ်သူကို ဒေါသတကြီး စိုက်ကြည့်ပြီး
လမ်းထိပ်က ဆေးဆိုင်ကို ပြေးလာရတယ်။
ယောက္ခထီးနဲ့အဆင်မပြေလို့ ရုံးဝန်းထဲက
ဂိုထောင်လေးကို ပြောင်းရွေ့လာခဲ့တယ်။
မိန်းမက မိဘအိမ်ကနေ ပြောင်းလာရလို့ 
ကျွန်တော်အပေါ် အမြင်မကြည်ဘူး။ ဒါပေမယ့်
အဲ့အိမ်မှာဆက်နေရင် ကြာရင် ရန်ဖြစ်ရလိမ့်မယ်။
ယောက်ျားလေးပဲ တစ်ခါတစ်လေ အသောက်အစား
ဘယ်ကင်းပါ့မလဲ။ အရက်သောက်မိတဲ့နေ့ဆို
ယောက္ခထီးက နာရီဝက်လောက်ကြာအောင်
ဆုံးမတတ်တယ်။ အရက်သမားဆိုတာ ကိုယ်ကသာ
ရစ်ချင်တာ။ သူများက လာနားညည်းရင် လုံးဝ
မကြိုက်ဘူးလေ။ ယောက္ခထီးက အထက်လမ်း
ပညာလိုက်စားတာမို့ လူပျို ဘဝကတည်းက
ငါးပါးသီလလုံတယ်တဲ့။ အထက်လမ်းတွေ
အောက်လမ်းတွေကို ကျွန်တော် မယုံတာကြောင့်
ယောက္ခထီးကို လုံးဝလေးစားလို့မရ။
   ယောက္ခမကြီးနဲ့တော့ အဆင်ပြေပါတယ်။
သူဘာသာ အေးဆေးနေတတ်တာကိုး။ ဆေးဆိုင်
ရောက်ပြီမို့ သမီး ဒဏ်ရာ အခြေအနေကို
ပြောပြတော့ ဆိုင်ရှင်က ဆေးတွဲလေး နှစ်ရက်စာ
ပေးတယ်။  ကျသင့်ငွေရှင်းပြီးတာနဲ့ သမီးငိုနေမလား
တွေးပြီး  ပြေးလာရပြန်တယ်။ စိတ်ကမငြိမ်တော့
ခလုတ်တိုက်မိပြီး ခြေမနာသွားပါရဲ့။ ထော့နဲ့ ထော့နဲ့
လျှောက်လာရတော့ စိတ်ကအလိုလိုတိုလာတယ်။

" တောက် ထစမ်း ရီရီ သမီး ဆေးတိုက်ရမယ်လေ"

" ဘာလဲ  သူများအိပ်နေတာကို"

      ခြေထောက်နာလာရတဲ့အထဲ သမီးကို ဂရုမစိုက်ဘဲ
မိန်းမက အိပ်မောကျနေတာမို့ ပုခုံးကို ခပ်ကြမ်းကြမ်း
ကိုင်ပြီး လှုပ်နိုးလိုက်တယ်။ ကြည့်ပါဦး ပြန်ဖြေပုံက။
သမီးက ပါးပြင်ပေါ်မှာ မျက်ရည်စီးကြောင်းကြီးနဲ့
အိပ်ပျော်နေရှာတယ်။ မိန်းမက ကျွန်တော်လက်ထဲက
ဆေးကိုဆွဲယူပြီး မျက်စောင်းထိုးလိုက်တယ်။

" ဆေးလေးတိုက်ရမှာကို ရှင်ဘာသာ တိုက်ပါလား…
မနေ့ညကလည်း ရှင်နဲ့စကားများပြီး တစ်ညလုံး
မအိပ်ရဘူး… တစ်နေ့ကုန်လည်း ပစ္စည်းတွေရွေ့ရလို့
ပင်ပန်းနေပြီ…  ကျွန်မလောက်လည်း မပင်ပန်းရဘဲ
နည်းနည်းတော့ ညှာတာပါဦး… ပြီးတော့ ဒီဂိုထောင်
စုတ်ထဲမှာ ဘာလို့နေရတာတုန်း… သမီးခေါင်းပေါက်
ရတာကလည်း ရှင် အပြစ်ပဲ … မိဘတွေက
မေတ္တာတရား ပြည့်ဝရက်နဲ့ အာခံပြီး အိမ်က
ထွက်လာတာကိုး  … ဒီဂိုထောင်စုတ်ကို စရောက်
ကတည်းက ကျွန်မ စိတ်ထဲတစ်မျိုးပဲ… အဖေကလည်း
ဖုန်းဆက်တယ် သူအာရုံထဲမြင်နေရတာ
 မကောင်းဘူးတဲ့"

          စိတ်ပျက်ဖို့ ကောင်းလိုက်တဲ့ မိန်းမပါလား။
သူအဖေရဲ့ ခပ်ကြောင်ကြောင်စကားတွေကို ဒီအထိ
သယ်လာရတယ်လို့။ တင်းတင်းကြပ်ကြပ် ပြောမှ
ဖြစ်တော့မယ်။ ကျွန်တော် လေသံမာမာနဲ့ အော်ဟစ်ကာ…

" မင်းအဖေအရူးရဲ့ စကားတွေကို လာမပြောနဲ့…
မနေချင်ရင် အခုထွက်သွား… သမီးကိုတော့ ခေါ်မသွား
ရဘူးနော်… ဟွန်း အဖေရူးသလို လိုက်ရူးတဲ့ကောင်မပဲ"

      ခြိမ်းခြောက်သလို ပြောလိုက်ပေမယ့်  ကျွန်တော်ကို
နာကျည်းဟန်နဲ့စိုက်ကြည့်ပြီး " ရှင်က အရိုင်းအစိုင်းပဲ…
ကျွန်မအိမ်ကိုပြန်မယ်… သမီးကိုရှင်မစောင့်ရှောက်
နိုင်တာနဲ့ လာပို့လိုက်" လို့ ပြောပြီးတော့ အပြင်ဘက်ကို
မိန်းမဖြစ်သူ ပြေးထွက်သွားတယ်။ ကျွန်တော်
လိုက်တားမနေတော့။ ယောက်ျားထက် မိဘတွေကို
ပိုအားကိုးတဲ့မိန်းမ နောင်ကြဉ်အောင် ပစ်ထားရမယ်။
အပြင်ဘက်မှာ မှောင်ရိပ်သန်းလာတာကြောင့်
သမီးကို နိုးလိုက်ပြီး မုန့်ကျွေးကာ ဆေး တိုက်လိုက်တယ်။
အမေ့ကိုမတွေ့တာနဲ့ ဂျီကျနေတဲ့ သမီးကို
ကျွန်တော် မနည်းချော့ရတယ်။  ဗိုက်ဆာလာတာကြောင့်
သမီးရဲ့ မုန့်ကိုပဲ အဆာပြေစားလိုက်တယ်။
ရုံးထဲမှာ ညစောင့်တွေရှိပေမယ့် ဂိုထောင်ပတ်ဝန်းကျင်
ကတော့ တိတ်ဆိတ်လွန်းလှတယ်။ မိန်းမရှိရင်
ညစောင့်တွေနဲ့ အပျင်းပြေစကားသွားပြောလို့
ရပေမယ့် ခုကြတော့ အဆင်မပြေလောက်။
သမီးကိုခေါ်သွားရင် အပြင်ဘက်က အေးတာကြောင့်
ဖျားမှာစိုးရတယ်။ သမီးက လေးနှစ်ကျော်ပေမယ့်
ခုထိအဖျားဝင်လွယ်တယ်။ ခုတောင်ဒဏ်ရာအရှိန်နဲ့
ဖျားချင်ချင်။ မထူးတော့ပါဘူး သမီးကိုချော့သိပ်ရင်း
ကျွန်တော်ပါအိပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။

-----------------------------------------

" ထပါဦး ယောက်ျား… ကျွန်မ ဗိုက်ဆာလို့ပါ"

" ဟာ ဒီအချိန်ကြီးမှ ဗိုက်ဆာရလား… ဘာမှမရှိဘူးလေ"

        အိပ်ချင်မူးတူးနဲ့ ပြန်ဖြေလိုက်ရင်း ကျွန်တော်
သတိရသွားတယ်။ မိန်းမက စိတ်ဆိုးပြီး မိဘတွေအိမ်
ပြန်သွားတာလေ။ ခုနကြားတဲ့အသံက ဘယ်သူပါလိမ့်။
ဇာတ်လမ်းတွေထဲကလို မိန်းမ တစ်ခုခုဖြစ်နေတာလား။
စိုးထိတ်လာပြီး ငုပ်တုပ်ထထိုင်မလို့ရှိသေး အမွှေးအမျှင်
တွေနဲ့ လက်မဲမဲကြီးက ကျွန်တော် လည်ပင်းကို
လာညှစ်လေရဲ့။ ခြင်ထောင်အပြင်ဘက်မှာ
လူထွားထွားကြီး ရပ်နေပါလား။ လူမဟုတ်ပါဘူး
တစ်ကိုယ်လုံး အမွှေးအမျှင်တွေနဲ့ဟာ။ မျက်လုံးကြီး
ကလည်း အကြီးကြီးပဲ။ ပါးစပ်ကြီးကို ဖြဲပြလိုက်တော့
လျှာအရှည်ကြီး ထွက်လာပါရဲ့။ ကြောက်လန့်စရာ
မြင်ကွင်းကြောင့် သတိလစ်ချင်ပေမယ့် ဘေးမှာ
အိပ်မောကျနေတဲ့ သမီးကြောင့် စိတ်ကိုတင်းထားရတယ်။
လည်ပင်းညှစ်ထားတာကြောင့် ဘေးကိုတောင် စောင်းလို့
မရ။ကြာရင် ကျွန်တော် သေရတော့မယ်။ စိတ်ထဲကနေ
ဘုရားရှင်ကို အာရုံပြုလိုက်တော့ အားကတည်း
အော်သံနဲ့အတူ သရဲကြီးအနောက်ကို ဆုတ်သွားတယ်။

" ကြောက်တယ် ဟင့်  ဟင့်  ဟီး"

" သမီး နိုးနေတာလား… အဖေရှိတယ် မကြောက်နဲ့နော်"

         ငိုနေတဲ့ သမီးလေးကို တင်းတင်းကြပ်ကြပ်
ဖက်ထားပြီး မေတ္တာသုတ်ကို အဆတ်မပြတ် ရွတ်နေ
မိတယ်။ သမီးရဲ့ မျက်လုံးထဲမှာ သရဲကြီးကို မြင်တွေ့ပုံမရ။
သရဲက လည်ပင်းညှစ်ထားတော့ မျက်လုံးပြူးနေတဲ့
ကျွန်တော်ကိုကြည့်ပြီး လန့်အော်ခြင်းသာ။ သမီး
လည်ပင်းမှာဆွဲထားတဲ့ အဆောင်ဆွဲကြိုးက
အလင်းတွေဖြာထွက်လာတယ်။ ပထမဆုံးအကြိမ်
ယောက္ခထီးကို ကျေးဇူးတင်မိတယ်။ သူသာ
ဆွဲမပေးထားရင် သရဲကြီးကို သမီးမြင်တွေ့ပြီး
လိပ်ပြာလွင့်သွားလောက်တယ်။
အန္တရာယ်ပြုလို့မရတော့ သရဲကြီးက တောက်ခေါက်
ကြိမ်းဝါးနေလေရဲ့။ သမီးက ပြန်အိပ်ပျော်သွားပေမယ့်
ကျွန်တော်ကတော့ မိုးလင်းထိ ဘုရားစာတွေ
ရွတ်ဖတ်နေရတယ်။ ငါးနာရီနောက်ပိုင်းမှာ
ဘာအသံမှမကြားရတော့။ သမီးကိုချီကာ
ရုံးခန်းထဲကို ဖုန်းဆက်ဖို့ ပြေးလာခဲ့တယ်။
ဖုန်းနားလည်း ရောက်လာရော မိန်းမတို့အိမ်ဖုန်းကို
ဆက်လိုက်တယ်။ မိန်းမကိုင်လိုက်တာကြောင့်
ငိုသံပါကြီးနဲ့ ညကအဖြစ်အပျက်ကို ကျွန်တော်
ပြောပြနေတုန်း ယောက္ခထီးရဲ့ အသံကိုကြားရတယ်။
ဖုန်းချလိုက်တော့ ငါတို့အခုလာခဲ့မယ်တဲ့။
ဂိုထောင်ထဲကို မပြန်တော့ဘဲ တံခါးမကြီးကနေ
မိန်းမတို့အလာကို ရပ်စောင့်နေမိတယ်။
မိနစ်နှစ်ဆယ်လောက်ကြတော့ ကားကြီးတစ်စီးနဲ့
ရောက်လာကြတယ်။ မိန်းမက ကျွန်တောက်ကို
မျက်စောင်းထိုးကာ " ပစ္စည်းတွေပြန်ရွေ့ဖို့ တစ်ခါတည်း
ကားငှားလာတာ" တဲ့။  ညကအဖြစ်အပျက်ကြောင့်
မပြောင်းဘူးဟေ့ လို့ ကျွန်တော် အတွန့်မတက်ရဲ။
သမီးက အဘိုးအဘွားတွေနဲ့ ရယ်မော ပျော်ရွှင်
နေလေရဲ့။  ဂိုထောင်ထဲကို ရောက်တော့
ယောက္ခထီးက မျက်လုံးကိုမှိတ်လိုက်တယ်။
မျက်လုံးပြန်ဖွင့်ကာ ကျွန်တော်ကိုကြည့်ပြီး…

" မနေ့ညကမင်းတွေ့ရတဲ့ သရဲက နှစ်ချို့ သရဲကြီးကွ…
အစွဲအလန်းကြီးတော့ ဒီကနေနှင်လို့မရလောက်ဘူး…
တတယ်လို့နှင်ရရင် သမီးကိုဖျောင်းဖျပြီး မင်းဆီမှာ
ထားခဲ့မလို့ပါပဲ… ငါကိုသဘောမကျလည်း
အိမ်ကိုလိုက်ခဲ့ပါကွာ"

" သားပြန်လိုက်မှာပါ အဖေ… အရင်က မိုက်ရိုင်း
စော်ကားမိတာတွေအတွက် တောင်းပန်ပါတယ်…
ဒီနေ့ကစ အရက်လည်း မသောက်တော့ဘူး"

     ယောက္ခထီးက ကျွန်တော်ပုခုံးကို ဆွဲဖက်လိုက်တယ်။
သမီးက ရယ်မောပြီး လက်ခုပ်ထတီးကာ မိန်းမမျက်နှာက
ပြုံးရွှင်သွားပါရဲ့။ အတ္တတွေကို ခွာချလိုက်ရင်
အရာရာဟာ အေးချမ်းစေပါလား။ ပစ္စည်းတွေကို
ကားပေါ်တင်ပြီးတာနဲ့ ရုံးဝန်းထဲကနေ ကားကြီး
မောင်းထွက်သွားတော့တယ်။ ကားကြီး
မြင်ကွင်းက ပျောက်ကွယ်သွားတဲ့အထိ သမီးနဲ့
မိန်းမက လက်ပြနှုတ်ဆက်နေပါရဲ့။တစ်ခါတည်း
 ပြန်လိုက်ချင်ပေမယ့် ရုံးတက်ရဦးမှာလေ။
ကျွန်တော် ရုံးခန်းဘက်ကို သွားမလို့ရှိသေး
နားထဲမှာ ကျေနပ်အားရတဲ့ ရယ်သံကြီးကို
ကြားလိုက်ရတယ်။ တံခါးပိတ်ထားတဲ့ ဂိုထောင်ကြီးကို
ကျွန်တော် လှည့်ကြည့်ပြီး ကြက်သီးထလာတာကြောင့်
ဘုရားကယ်ပါလို့ ရေရွတ်ရင်း ရုံးခန်းကို
ခပ်သုတ်သုတ် လျှောက်လာလိုက်တယ်။

ကြိုးစားလျက်,
ဇူးဇူးငယ်

Comments

Popular posts from this blog

သရဲခြောက်တဲ့မြို့စွန်ကအိမ်ကြီး